August 2, 2011

အိပ်ပျက်ဝေဒနာ

 အမုန်းပင်လယ် လက်တကမ်း

နှလုံးသား တစ်ခြမ်းနဲ့

အသည်းအသန် ကူးခတ်

ကမ်းတစ်ဖက်မှာ ချစ်ခြင်းတဲ့လားကွယ် ။

 

ရောင်စုံနူးညံ့

သင်းပျံ့ထုံပွင့်လွှာပါးနဲ့

ဇကာခြား မျက်လွှာချ

ပင်လယ်ကိုတောင် ပြာကျမတက်

မျက်စောင်းခတ်သံတွေ ။

ကိုးနဝင်းနဲ့ သိဒ္ဓိတင်ရင်း

ရေခဲမြစ်တစ်စင်းလို တိုက်စားခြင်းတွေနဲ့

နှလုံးသား ကြမ်းပြင်ထက်မှာ

ချစ်သူရဲ့ အငွေ့အသက်ကလေးတွေ

ထာဝရ အေးခဲစေတော့ ။

 

အနိုင်ယူတက်လွန်းတဲ့

နှင်းဆီတစ်ဖူးရဲ့

မိုးကြိုးစက် အကြည့်တစ်လက်မှာ

ပဝါဖြူကို အလံလိုထူခဲ့ ။

 

နေညိုလေ့ရှိတဲ့

တောင်စွယ်မှာ ဗဟိုပြု

ရာဇဒါဏ်သင့်ခဲ့တဲ့ ချစ်ခြင်းတစ်ခုလို

ရှင်သန်ခြင်းတွေလည်း

စည်းတစ်ဖက်ခြား ။

 

နှောင်းတမြေ့မြေ့ ဝေဒနာ

လေလာတိုင်း ရင်းမှာကြွေ

အိပ်ပျက်သူအတွက် ညတာလည်းရှည်ရဲ့ ။ ။

No comments:

Post a Comment