မှောင်မိုက်လွန်းတဲ့ ငါ့ပင်လယ်
ငါ့လှေငယ်က
အတ္တကို အလံမလှဲ ။
မိုက်မဲစွာ ရိုးသားလွန်းလို့
ခါးဆီးခံခဲ့ရတဲ့ ဒုက္ခ
အများကြားအောင် အော်ဟစ်ပြဖို့
ငါ့သိက္ခာကို ငါရှက်နေမိ ။
သမင်လည်ပြန် အတွေးတွေထဲမှာ
ဘဝ ဆိုတာ
ငှက်ပျောတုံးလိုပဲ
ရှင်သန်ခြင်းကို တဖက်ခြင်းဆွဲခွာရင်း
ဘာကြောင့်များ အသက်ဆက်နေမိကြသလဲ ။
လောကထဲမှာ
မနက်ဖြန်ဆိုတာကို ဦးတည်ရာမဲ့စီးဆင်းဖို့
ငါ့ဘဝကို ငါအားပေး
ငါ့အတွေးတွေကို လည်ပတ်စေခဲ့ ။
လှိုင်းဂယက်တွေရဲ့ထက်မှာ
ဗေဒါတွေလည်း အယက်အကန်ခံရင်း
ခရမ်းရောင် ပွင့်ကြဆဲ။ ။
No comments:
Post a Comment